၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ထန်းတပင်မြို့နယ်တွင် ကျင်းပ

ထန်းတပင် ဇန်နဝါရီလ ၂၃

ကျောင်းသား၊ မိဘ၊ ဆရာတို့၏ ပူးပေါင်းပါဝင် လှုပ်ရှားဆောင်ရွက်ခြင်း၊ ကာယ၊ ဉာဏဘက်စုံထူးချွန် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီမြှင့်ခြင်းနှင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို အတုယူကာ ကြိုးစားဆောင်ရွက်စေရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်နှင့် ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်တို့က ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း)အဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၇) ဦးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်သည်။

.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ပညာရေးစုံညီပွဲတော်တွင် အ.ထ.က. (ထန်းတပင်)မှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက တောင်ယာဝင်ချိန်၊ ခင်ခင်ထား၊ ထာဝရသစ္စာ၊ လက်ပံပွင့်ကောက်၊ မောတို့ပြည်နယ်ရှမ်း၊ မြတ်ဆရာ၊ စည်းလုံးခြင်း အတွက်သီချင်းတစ်ပုဒ်၊ လက်ပံပွင့်ကောက်၊ မင်္ဂလာပါ၊ ကောက်စိုက်ချိန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်