ဘီးလင်း ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြု နေမကောင်းသော အသက် (၂) လမှ (၅) နှစ်အောက် ကလေးများအား ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းတွင် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာအိအိကျော်၊ ကျန်းမာရေးမှူး ဦးစိုးမိုးဦး နှင့် ကျန်းမာရေးဆရာမ ဒေါ်သန္တာဦးတို့က သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ကြပြီး သင်တန်း၌ အသက် (၂) လမှ (၅) နှစ်အောက် ကလေးငယ်များသေဆုံးမှု ကျဆင်းစေရေးနှင့် ကလေးများအား ပြုစုစောင့်ရှောက်တတ်စေရန် စနစ်တကျသင်ကြားပို့ချပေးလျက်ရှိသည်။
သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၄၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂၆ ရက်အထိ ၅ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)