ဇေယျာသီရိ ဇန်နဝါရီ ၂၃
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေလေ့လာဖတ်ရှုကြစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့်ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နှုတ်စွမ်းရည်များ တိုးတက်ပြီး ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဇင်မင်းထွန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်နှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ကြိုးစားမှု၊ လူငယ်နှင့်ဆုံးဖြတ်ချက်၊ လူငယ်နှင့်စာရိတ္တစသည့်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)