ဟိုပန်မြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများ သင်တန်းဆင်းပွဲ ကျင်းပ

ဟိုပန် အောက်တိုဘာ ၂၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်း ဆောင်ကြမည့် အထူးရဲ(၄၃)ဦးကို ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသင်တန်းခန်းမ၌ ယမန်နေ့နံနက်(၉) နာရီ အချိန်က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ အထူးရဲသင်တန်းကို ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူရုံးတွင်(၂၈)ရက်ကြာဖွင့်လှစ်ခဲ့ပြီး အထူးရဲများ၏ လုပ်ဆောင် ရမည့် လုပ်ငန်းတာဝန်များ၊ လိုက်နာရမည့်စည်းကမ်းများ၊ သိသင့်သိထိုက်သည့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများ၊ ရဲတပ်ဖွဲ့ဝင်တစ်ယောက်၏ အခြေခံလိုက်နာရမည့် စည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များကို သင်ကြားပို့ချခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးပိုင်မှ ပြောကြားခဲ့သည်။

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် မဲဆန္ဒနယ်(၁)၌ မဲရုံ(၂၂)နှင့် မဲဆန္ဒနယ်(၂)၌ မဲရုံ(၂၁)ရုံရှိရာ အထူးရဲများမှ အဆိုပါမဲရုံများတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့်ပူးပေါင်း၍ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းနိုင်လင်း (ပြန်/ဆက်)