မင်္ဂလာဒုံမြို့နယ်တွင် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ကြိုတင်ပြင်ဆင်နိုင်ရန် မြေငလျင်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်

မင်္ဂလာဒုံ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သဘောဝဘေးအန္တရာယ်များအနက် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်နိုင်ရန် မြေငလျင်ဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဦးစီး၍ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီမိနစ် ၃၀ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် အင်အား(၄၈၀)ခန့်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လေ့ကျင့်ခြင်းကို အစီအစဉ်(၉)ရပ်ဖြင့် ပြုလုပ်ဆောင်ရွက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးဝင်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိဦးမြင့်ခိုင်၊ ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြေငလျင်ဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)