မူဆယ် အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နှင့် မြို့နယ်အသီသီး၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင်များလုံခြုံစိတ်ချစွာဖြင့် မဲထည့်နိုင်အတွက် အထူးရဲစုစုပေါင်း(၃၉၂)ဦးကို ခန့်အပ်၍ လုံခြုံရေးဆိုင်ရာအထူးရဲသင်တန်းကို (၄)ပတ်ကြာသင်တန်းပို့ချခဲ့ပြီး ယမန်နေ့၊ နံနက်(၈)နာရီအချိန်က သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို မူဆယ်ခရိုင်၊ မူဆယ်မြို့နှင့် သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ပြုလုပ်ကျင်းပခဲ့သည်။
မူဆယ်
မူဆယ်မြို့၌ ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားစုစုပေါင်း(၄၆)ဦးအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို မူဆယ်မြို့၊ မြို့မရဲစခန်းအတွင်းရှိ အောင်ဆန်းသူရိယအေးချိုရိပ်သာ၌ ပြုလုပ်ကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်သည်။ အထွေထွေရွေးကောက်ပွဲ ကာလတွင် မူဆယ်မြို့နယ်အတွင်း၌ မဲရုံမှူး၊ ဒုမဲရုံမှုစုစုပေါင်းလူဦးရေ(၃၀၀)ဦး တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး မဲဆန္ဒရှင်စုစုပေါင်း(၁)သိန်းကျော်နှင့်မဲရုံစုစုပေါင်း(၁၀၃)ရုံဖွင့်လှစ်သွားမည်ဟု သိရသည်။
နမ့်ခမ်း
ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နမ့်ခမ်းမြို့၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား စုစုပေါင်း(၁၁၅)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို နမ့်ခမ်းမြို့၊ ကျားဖြူခန်းမ၌ ပြုလုပ်ကျင်းပရာ နမ့်ခမ်းမြို့၊ မြို့နယ်ရဲမှူးနိုင်လင်းသိန်းက အမှာစကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ် ချီးမြှင့်သည်။ နမ့်ခမ်းမြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း(၈)သောင်ကျော်ရှိပြီး မဲရုံစုစုပေါင်း(၁၁၅)ရုံ ဖွင့်လှစ်သွားမည်ဟု သိရသည်။
ပန်ဆိုင်း
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများလုံခြုံစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးတာဝန်များထမ်းဆောင်ကြမည့် အထူးရဲသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကို ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့နယ်မြေရဲစခန်းရှိ ဓမ္မာရုံ၌ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ နယ်မြေစခန်းမှူးရဲအုပ်ဇော်မျိုးပိုင်က “ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကာလမှာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ကို ဆောင်ရွက်ရန်အတွက် သင်တန်းပို့ချခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက် အတိုင်းအောင်မြင်စွာ ဆောင်ရွက်လိုကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာသိကောင်းစရာများကို” ရှင်းလင်း ပြောကြားသည်။ ပန်ဆိုင်း(ကြူကုတ်မြို့)၊ အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် သင်တန်းသား(၁၆)ဦးနှင့် အရံရဲ(၁)ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ခဲ့ပြီး မဲရုံစုစုပေါင်း(၁၆) ရုံထားရှိ မည်ဖြစ်သည်။
မုံးကိုး
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အထူရဲသင်တန်းသားစုစုပေါင်း(၃၁)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို မုံးကိုးမြို့၊ မြို့နယ်မြေရဲစခန်း၌ ပြုလုပ်ကျင်းပခဲ့ရာ မူဆယ်မြို့နယ်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးစောကြိုင်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်သည်။ မုံးကိုးမြို့တွင် မဲဆန္ဒရှင်(၁)သောင်းခွဲရှိပြီး မဲရုံစုစုပေါင်း(၃၁)ရုံထာရှိမည်ဟု သိရသည်။
မန့်ဟီးရိုး
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ၌ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ မဲရုံစုစုပေါင်း(၉)ရုံတို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ(၉)ဦးနှင့် အရံ(၁)ဦးတို့ကို ခန့်အပ်၍ လုံခြုံရေးဆိုင်ရာသင်တန်း (၄)ပတ်ဖွင့်လှစ် ပို့ချခဲ့ပြီး ယနေ့၊ နံနက်အချိန်ခန့်က သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို မြို့နယ်မြေရဲစခန်း၌ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် မြို့မစခန်းမှူးရဲအုပ်တင်အောင်စိုးက “အထူးရဲများအနေဖြင့် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝတာဝန်ယူဆောင် ရွက်နိုင်ဖို့ အထူးရဲများကို ခန့်အပ်ရခြင်းဖြစ်ပါတယ်၊ အထူးရဲများအနေဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့ထိ (၄၅)ရက်ကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လစာနဲ့စားစရိတ်များကို ခံစားခွင့်ပြုထား ပါတယ်၊ သင်တန်းကာလအတွင်း ပို့ချတဲ့ သင်ခန်းစာအတိုင်း လက်တွေ့နယ်ပယ်မှာ လိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါတယ်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ရဲကျင့်ဝတ်များအတိုင်း ဆောင်ရန်/ရှောင်ရန်များကို သိရှိထားပြီဖြစ်ပြီး စနစ်တစ်ကျလိုက်နာဆောင်ရွက်နိုင်ရေးအထူးမှာကြားလိုကြောင်း”ရှင်းလင်းပြောကြားသည်။
သင်တန်းကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ တက်ရောက်ခဲ့ကြသော အထူးရဲများကို မြို့အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
တာမိုးညဲ
အလားတူ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ အထွေထွေရွေးကောက်ပွဲကာလ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲစုစုပေါင်း(၂၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို တာမိုးညဲမြို့၊ နယ်မြေရဲစခန်း၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် မြို့စခန်းမှူးဝင်းနိုင်ဦးက “ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးမှာ မဲရုံလုံခြုံရေးတာဝန်နဲ့ မဲဆန္ဒရှင်များလုံခြုံစိတ်ချစွာမဲပေးနိုင်ရန် အထူးရဲတွေအနေဖြင့် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပြီး ဆောင်ရွက်ရမယ့် မိမိတာဝန်ဝတ္တရားများကို အလေးထားဆောင်ရွက်ကြရန်”ပြောကြားပြီး သင်တန်းဆင်း ဂုဏ်ပြု မှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)