စဉ့်ကူးမြို့တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စဉ့်ကူး ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲ အချိန်က စဉ့်ကူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင်  မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝ ဘေးအန္တရာယ် အမျိုးမျိုး ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ခြင်း ဖြစ်ပေါ်က လိုက်နာရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက သတိပြုလိုက်နာရန် အချက်များ၊ မုန်တိုင်း ဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ၊ မုန်တိုင်းဘေးအန္တရာယ် အပါအဝင် အခြားသဘာဝဘေးအန္တရာယ် အမျိုးမျိုး ဖြစ်ပေါ်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အရေးပေါ်ဖုန်းနံပါတ်များ စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က (စဉ့်ကူး)မှ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)