မတ္တရာ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီချိန်က အ.ထ.က (မတ္တရာ) အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုံညီပွဲတော်ကို Grade-11 ကျောင်းသား၊ ကျောင်းသူလေးများက " ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်း သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ခံကျောင်းအုပ်ဆရာကြီးမှ စုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ပေးပွဲဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး စုံညီပွဲတော် ရသုံးငွေစာရင်းရှင်းတမ်းကို ဆရာမတစ်ဦးမှ ရှင်းလင်းဖတ်ကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းတက် မှန်ဆုရရှိသော ဆရာ၊ ဆရာမများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကျောင်းတွင်းပြိုင်ပွဲများတွင် စွမ်းရည်ဆု၊ လူရည်ချွန်ဆု၊ စာပေဆုဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် တာဝန်ခံကျောင်းအုပ်ကြီးတို့မှ ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)