မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာ ကုန်ထုတ်လမ်းအား သွားရောက်စစ်ဆေး ကြရာတွင်  နောသန်းဂျိတ်လန်း (Northern Jade Land) ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိသည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကာ ခရိုင်ဦးစီးမှူးက  ယင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတ်မှတ်စံချိန် စံညွှန်းအတိုင်း အရည် အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းတိုးတက်မှု အခြေအနေများအား ဓာတ်ပုံမှတ်တမ်းများဖြင့် အပတ်စဉ် ပေးပို့တင်ပြကြရန်နှင့် သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အလေးထားဆောင်ရွက် ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါ နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းသည် အရှည် (၇)ဖာလုံ၊ အကျယ် (၁၂)ပေ၊ အမြင့် (၂)ပေနှင့် (၉)လက်မရှိ မြေသား သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေပြွန် (၂)စင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ် (၁၂၆) ဒဿမ (၁၄၃)သန်းဖြင့် တင်ဒါအောင်မြင်သည့် နောသန်းဂျိတ်လန်း (Northern Jade Land) ကုမ္ပဏီမှ တာဝန်ယူပြီး အောက်တိုဘာ (၉)ရက် နေ့မှ စတင်အ‌ကောင်အထည်‌ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများမှာ (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် ၎င်းလမ်းအား ဆောင်ရွက်ပြီးစီးသွားပါက လယ်ဧက (၁၉၂)ဧကနှင့် လူဦးရေ(၄၁၄)ဦးအတွက်များစွာ အကျိုးပြုသွား မည်ဖြစ် ကြောင်း သိရသည်။

ရွှေမိုးညှင်း