အင်ဂျန်းယန် အောက်တိုဘာ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် ရမည့် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (အင်ဂျန်းယန်) အခြေခံပညာ အထက်တန်းကျောင်း မလိအင်မိုင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေးစံ လုပ်ငန်းလမ်းညွှန်(SOP) ညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းက သင်တန်းသားများအနေနှင့် သင်တန်းကသင်ယူခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ကို ထမ်းဆောင်ကြရတော့မှာ ဖြစ်ပါကြောင်း၊ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရာတွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးတို့မှ အကူအညီတောင်းခံမှသာ မဲရုံအတွင်းသို့ဝင်ရောက်၍ လုံခြုံရေးတာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနည်းတူ တာဝန်ချထားသည့်နေရာဒေသတွင် မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ ပြည်သူလူထုအား မိမိတို့၏ ဆွေမျိုးပေါက်ဖော်မိသားစုသဖွယ် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးရန်၊ အများပြည်သူတို့ သွားရာလမ်းပေါ်တွင် ယာဉ်အသွားအလာကို ကြပ်မတ်ခြင်းနှင့် လမ်းများပေါ်တွင် တားဆီးပိတ်ဆို့နေသောအရာများကို ဖယ်ရှားပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် ပြည်သူများအား ယဉ်ကျေးသိမ်မွေ့စွာ ပြောဆက်ဆံကြရန်၊ တတ်နိုင်သမျှကူညီ စောင့်ရှာက်ပေးရန် နှင့် တာဝန်ချိန်အတွင်း အရက်သေစာ သောက်စားမှု လုံးဝမပြုလုပ်ကြရန် အထူးသတိပြုစေလိုကြောင်းနှင့် အထူးရဲသင်တန်းကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ အဆိုပါ သင်တန်းသို့ အထူးရဲ (၇)ဦး ရက်သတ္တပတ် (၄)ပတ်ကြာ တက်ရောက် ခဲ့ကြောင်းသိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)