ကျောက်ဆည်မြို့ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး ကျောင်းစာအပြင် အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်မြို့ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက ကျောင်းသား/ကျောင်းသူများ ဘက်စုံထူးချွန်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကြိုးစားလေ့လာ ဖတ်သားကြရန် အမှာစကား ပြောကြားပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာဖတ်ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော သုတ၊ ရသ စာအုပ်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာစောင်များ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

တင်တင်ထွေး