ညောင်ဦး ဇန်နဝါရီ ၂၃
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)ကို ၁၉၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံအဆင့်၊ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ယွန်းပညာကောလိပ်ဟူ၍ အဆင့်ဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ယွန်းထည်လုပ်ငန်းအတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်အတတ်ပညာတစ်ခုဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ရင်း မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကိုင် ထိန်းသိမ်းနိုင်ခဲ့သည်။ ဗြိတိသျှအစိုးရလက်ထက်တွင် ပုဂံ ဝန်ထောက်မင်း ဦးတင်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို နှစ်သက်မြတ်နိုးသူဖြစ်သည်နှင့်အညီ ယွန်းထည်လုပ်ငန်း အတတ်ပညာ မတိမ်ကောမပပျောက်သွားစေရန်နှင့် အရှည်တည်တံ့ခိုင်မြဲစေရန် ပုဂံမြို့တွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းဖွင့် လှစ်နိုင်ရန်ကြိုးစားဆောင်ရွက်ခဲ့ပြီး ဒေသခံယွန်း လုပ်ငန်းပညာရှင်ကြီးများနှင့် ဆွေးနွေးညှိနှိုင်းပြီး ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို ကိုယ်ထူ ကိုယ်ထ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသည် ၁၉၆၀ ခုနှစ်၊ မတ်လတွင် ယွန်းထည်လုပ်ငန်းအတတ်သင် ကျောင်းကို (၃)နှစ်သင်တန်းမှ(၁)နှစ်သင်တန်းအဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းကို ၁၉၆၀ ခုနှစ်၊မတ်လအထိ( ၅)နှစ်သင်ကြားပေးနိုင်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၃၁.၈.၁၉၉၄ ရက်နေ့၊အစည်း အဝေးအမှတ်စဉ်(၃၂/၁၉၉၄)ဆုံးဖြတ်ချက်အရ ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းမှ မြန်မာ့ ယွန်းသိပ္ပံအဆင့်သို့တိုးမြှင့်ခွင့်ပြုခဲ့သည်။
၂၀၀၃ ခုနှစ်၊ဒီဇင်ဘာလတွင် မြန်မာ့ယွန်းသိပ္ပံအဆင့်မှယွန်းပညာကောလိပ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး အောက်ဖော်ပြပါသင်တန်းများကို ဖွင့်လှစ်လျက်ရှိပါသည်။
(က)ယွန်းအတတ်ပညာဒီပလိုမာ(၁)နှစ်သင်တန်း (တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရှိပြီး၊ အသက် (၃၅)နှစ်မကျော်သူများ)အား လက်ခံသင်ကြားပေးသည်။ (ခ)ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း (တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး၊ အသက်(၂၅)နှစ် မကျော်သူများ) အားလက်ခံသင်ကြားပေးသည်။
ယွန်းပညာကောလိပ်အဆင့်တွင် ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်း အောင်မြင်ပြီးသူများသည် စီးပွားရေးတက္ကသိုလ်များသို့ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၁ ခုနှစ်ထိ ပေါင်းကူး တက်ရောက်ခွင့်ရရှိခဲ့သည်။၂၀၁၁ ခုနှစ်မှစတင်၍ သမဝါယမနှင့်စီမံခန့် ခွဲမှုတက္ကသိုလ် (စစ်ကိုင်း၊ သံလျင်)သို့ ယနေ့ထိ ပေါင်းကူးတက်ရောက်ခွင့်ရရှိလျက်ရှိပြီး သက်ဆိုင်ရာတက္ကသိုလ်များမှ ပေးအပ်သောဘွဲ့ကို ရရှိခဲ့သည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုယွန်းပညာကောလိပ်(ပုဂံ)သည် ယွန်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၅၃ ခုနှစ် ကတည်းက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ယွန်းထည်ထုတ်လုပ်သည့် ဒေသ များမှ ယွန်းပညာရှင်များအား ယွန်းပညာရပ်များကိုလာရောက်ပို့ချခဲ့ကြောင်းသိရသည်။
၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဂျပန်နိုင်ငံ၊ Asian Lacquer Craft Exchange Research Project နှင့်ပူးပေါင်း၍ နိုင်ငံတကာယွန်းပြပွဲများကျင်းပခြင်းနှင့်နည်းပညာ ဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ယွန်းပညာကောလိပ်နှင့်ဂျပန်နိုင်ငံ ၊Tokyo National Research Institute for Cultural Properties (TNRICP)တို့ နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုး၍ ယွန်းပြတိုက်အတွင်းမှ ရှေးဟောင်းယွန်ထည်ပစ္စည်းများ သုတေ သနပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO)နှင့်ပူးပေါင်း၍ အီတလီ နိုင်ငံမှ ဒီဇိုင်းပညာရှင် Ms.Doniela Bulgarelli က ယွန်းဒီဇိုင်းနှင့် ထုတ်ကုန်ဖွံ့ဖြိုးမှုသင်တန်းကို ယွန်း ပညာကောလိပ်မှဝန်ထမ်းများနှင့် ပုဂံဒေသမှ ယွန်းလုပ်ငန်းရှင်များအတွက် ဖွင့်လှစ်ပို့ချပေးခဲ့ သည်။ ၂၀၁၇ ခုနှစ်တွင် ယွန်းပညာကောလိပ်(ပုဂံ)နှင့်အီတလီနိုင်ငံ၊ Accademia of Fine Arts (Turin)အနုပညာတက္ကသိုလ်တို့သည် လက်မှုအနုပညာရပ်ဆိုင် သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့သည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှ(၄)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ်နှင့်ပူးပေါင်း၍ နှစ်နိုင်ငံယွန်းအနုပညာဖလှယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်ကပြောကြားသည်။
သင်တန်းဆင်းပြီးကျောင်းသားဦးရေ ယွန်းပညာကောလိပ်သည် ၁၉၂၉ -၁၉၂၅ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပသာသင် နှစ်ထိ အခြေခံယွန်းပညာသင်တန်း-၁၀၆၅-ဦး၊ အထက်တန်း ယွန်းပညာသင်တန်း-၁၄၀ ဦး၊ ယွန်းအတတ်ပညာဒီပလိုမာသင်တန်း -၁၂၄ ဦး၊ ယွန်းအတတ် ပညာဒီပလိုမာ(၁)နှစ်သင်တန်း -၆၁ ဦးနှင့်ယွန်းအတတ်ပညာဒီပလိုမာ (၂)နှစ်သင်တန်း (တက္ကသိုလ် ပေါင်းကူး)-၁၁၅၉ ဦး၊ စုစုပေါင်း -၂၅၄၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
အလုပ်အကိုင်ရရှိမှုအခြေအနေ အလုပ်အကိုင်ရရှိမှုအခြေအနေမှာ ကိုယ်ပိုင်ယွန်းလုပ်ငန်းတည်ထောင်နိုင်သူ (၁၅)ဦး၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သူ (၈၀)ဦး၊ ကုမ္ပဏီ/ပုဂ္ဂလိကလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်သူ (၅၅၀)ဦး၊ အိမ်တွင်းမှုလုပ်ငန်း (ယွန်းထည် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၃၀)ဦး၊ စုစုပေါင်း (၆၇၅)ဦး အလုပ်အကိုင်ရှိပြီးဖြစ်သည်။
ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးနိုင်မှု ယွန်းပညာရပ်များဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးတို့ကို ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းကာလတိုသင်တန်းများကို ဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်ခဲ့သောသင်တန်းများသည် ရွှေဇဝါယွန်းနည်းပညာသင်တန်း၊ အနက်ထည်ယွန်းနည်းပညာသင်တန်း၊ ကညစ်ယွန်းနည်းပညာသင်တန်း၊ သားရိုးပန်းကြွယွန်းနည်းပညာသင်တန်း၊ ဝါးလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဂျပန်းယွန်းနည်းပညာသင်တန်းနှင့် လူသုံးကုန်ယွန်းထည်ပစ္စည်း ထုတ်လုပ်မှု သင်တန်းတို့ကို ဖွင့်လှစ်ခဲ့သည်။ ၂၀၁၅-၂၀၁၆ မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ကာလတိုသင်တန်း (၂၆)ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ (၄၄၅)ဦးသင်ကြားပေးခဲ့ပြီးဖြစ်သည်။
ယွန်းပညာကောလိပ်၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သော ယွန်းထည်လုပ်ငန်း အတတ်ပညာနှင့် နည်းစနစ်များ မတိမ်ကော မပပျောက်စေရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစဉ်ဆောင်ရွက် လုပ်ကိုင်ပြီး ယွန်းအတတ်ပညာရပ်များကို သင်ကြားမှုနည်းလမ်းများဖြင့် ဆက်လက်လက်ဆင့် ကမ်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယွန်းကောလိပ် (ပုဂံ) ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က ပြောကြားသည်။ ယွန်းထည်ပစ္စည်းများကို နိုင်ငံတကာအဆင့်အတန်းမီ ထုတ်လုပ်နိုင်ရေး ယွန်းလုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံ ယွန်းလုပ်ငန်းများ၏ ဗဟိုဌာနဖြစ်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နှစ်တစ်ရာ ပြည့်မြောက်တော့မည့် ယွန်းပညာကောလိပ်၏ သမိုင်းကြောင်းပင်ဖြစ်ပေတော့သည်။
ဒီပါလင်း