ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၃
ကျောင်းသားလူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရာဇဂြိုဟ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမဥ္ဇူက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ဇာခြည်စိုးငြိမ်းက အားကစားဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ စာရေးဆရာအောင်ကောင်းဗိုလ်က လူငယ်များလိုက်နာကျင့်သုံးရမည့် နေထိုင်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ရာဇဂြိုဟ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ Grade-6 ၊ Grade-7 တို့မှ ကျောင်းသား/သူ(၁၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ