ချမ်းအေးသာစံ ဇန်နဝါရီ ၂၃
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့ နံနက် (၉)နာရီက Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပရာ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် ဒုတိယ ဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်တို့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းခဲ့မှုများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်များ တိုးတက်မြင့်မားစေရေးအတွက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဝင်္ဂဘာပြိုင်ပွဲ၊ စာအုပ်ခေါင်းရွက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုရကျောင်းသားကျောင်းသူများအား ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်