ညောင်ရွှေ ဇန်နဝါရီ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်အသိပညာပေးဟောပြောပွဲများနှင့် အသိပညာပေးပြပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအကြောင်း သိကောင်းစရာများ၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လူငယ်အသိပညာပေး စာအုပ်၊ စာစောင်များ ခင်းကျင်းပြသခြင်း၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ