မန္တလေး ဇန်နဝါရီ ၂၃
၂၀၂၄ခုနှစ် နေပြည်တော်တွင် ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံအားကစား ပြိုင်ပွဲများတွင် ရတနာပုံတက္ကသိုလ်မှ ဆုရရှိခဲ့ကြသည့် အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်အားကစားခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြဆရာ/ဆရာမများ၊ ဆုရရှိကြသောအားကစားသမားများနှင့်၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးက တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ဂုဏ်ပြုအမှာစကားပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဘာသာ ရပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီးနောက် ဆုရ အားကစားသမားများ နှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းနှီးစွာလိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆွတ်ခူးရရှိခဲ့သည့် တံခွန်စိုက်ဆုဖလားများအား ပါမောက္ခချုပ်ထံသို့လွှဲပြောင်းပေးခဲ့ပြီးပြိုင်ပွဲ အမျိုးအစားအလိုက်(ပြေးခုန်ပစ်၊စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့ကြသူများအား ဆု ချီးမြှင့်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှချီးမြှင့်သည့် ဂုဏ်ပြုငွေများကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် အုပ်ချုပ်သူနည်းပြများထံသို့ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ရတနာပုံတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၏အား ကစားလှုပ်ရှားမှုအကများနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်ကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်