မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(ပဉ္စမ)နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မိတ္ထီလာ ဇန်နဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သာသနာ့ဝေပုလ္လကျောင်းတိုက် မဟာဝိဇယဓမ္မ ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါနှစ်ပတ်လည်အစည်းအဝေးအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက တက်ရောက်ကြည်ညိုကြသည်။ ဦးစွာ အခမ်းအနားတွင် အစည်းအဝေးနာယကဆရာတော် နိုင်ငံတော်သံဃ နာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တကောဝိဒမထေရ်မြတ်က ဩဝါဒါကထာချီးမြှင့်သည်။

ဆက်လက်၍ မြို့နယ် ဩဝါဒါစရိယဆရာတော် ရတနာမဉ္ဇူကျောင်းတိုက်ဦးစီးပဓနနာယက ဆရာတော်ဘဒ္ဒန္တဥတ္တရထံမှ ဩဝါဒါကထာကို နာယူကြည်ညိုကြပြီး အစည်းအဝေး သဘာပတိ ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရက အစည်းအဝေး အဖွင့်ဩဝါဒါကထာချီးမြှင့်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး က သာသနာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။ အစည်းအဝေးတွင် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်တော်မူခဲ့သော မြို့နယ်သံဃနာယကအဖွဲ့၏ အစီအရင်ခံစာကို အကျိုး ဆောင်ဆရာတော်က တင်သွင်းလျှောက်ထားခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့၏ အစီရင်ခံစာကို နယ်မြေကိုယ်စားလှယ်ဆရာတော်များက အကြံပြုဝေဖန်ဆွေးနွေးတော်မူကြခြင်းနှင့် အကြံပြု ဝေဖန်ဆွေးနွေးချက်များအပေါ် သက်ဆိုင် ရာ မြို့နယ်သံဃနာယကဆရာတော်များက ပြန်လည် လျှောက်ထားပြီး အစည်းအဝေးတက်ရောက်လာကြသော မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များက တညီတညွတ်တည်း သာဓု‌သုံးကြိမ်ခေါ်၍ အတည်ပြုတော်မူကြသည်။ ၎င်းနောက် ပင့်သံဃာတော်များနှင့် မြို့နယ် သံဃာ့ဝန်ဆောင်ဆရာတော်များထံသို့ လှူဖွယ်ဝတ္ထုများကိုတာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အသောကာရုံရေလည်ကျောင်း တိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာဘာဝတထံမှ ဩဝါဒါက ထာနှင့် ရေစက်ချသာဓုအနုမောဒနာတရားတော်များကို နာယူခဲ့ကြကြောင်းသိရသည်။

 ချမ်းသာ