တာချီလိတ် ဇန်နဝါရီ ၂၃
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယနေ့နံနက် ၉ နာရီက တာချီလိတ်မူလတန်းလွန်ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးက “ကလေးငယ်တစ်ဦးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးဆုံးအချိန်ဟာ ကလေးရဲ့ဘဝအစဦးဆုံး ကာလနှစ်များသာဖြစ်သောကြောင့် ကလေးသူငယ်များအား ပြုစုပျိုးထောင်ရာတွင် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများရရှိစေရေးတို့အတွက် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် သင်တန်းမှရရှိလာသော ဗဟုသုတများအား မိသားစုပတ်ဝန်းကျင်သို့ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားပြီး၊ တာချီလိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ တာချီလိတ်မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူ သင်တန်းသား သင်တန်းသူ ၃၀ ဦးအား သင်တန်းနည်းပြဆရာဆရာမများက ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)