ပြင်ဦးလွင် ဇန်နဝါရီ ၂၃
ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြင်ဦးလွင်မြို့ရှိ ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် ကော်ဖီပင်များနှင့် ကော်ဖီနှင့်ပတ်သက်သော အသိပညာများကို ကျောင်းသား/ကျောင်းသူ၊ လူငယ်များအပန်းဖြေရင်း သိရှိနားလည်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊အခြေခံပညာဦးစီးဌာန၏ ဦးဆောင်စီစဉ်မှု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိ၊ ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာကိုရွှေအောင်သင်းနှင့် ပြင်ဦးလွင်မြို့ပေါ်ရှိ အခြေခံပညာကျောင်း ၉ ကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကြီးကြပ်သူဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၁၀၀ ဦး၊ စုစုပေါင်း (၁၃၀) ဦးသည် ယနေ့ မွန်းလွဲ (၁၃) နာရီက ပြင်ဦးလွင်ကော်ဖီဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ကော်ဖီဥယျာဉ်၏ Information Centre ရှင်းလင်းဆောင်တွင် ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိက လေ့လာရေး ခရီးစဉ်စီစဉ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)မှ ခြံတာဝန်ခံ ဦးစီးအရာရှိ ဦးမင်းလွင်ဦးက ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)အား ပြင်ဦးလွင်ကော်ဖီဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည့် အခြေအနေများ၊ ကော်ဖီနှင့် ပတ်သက်သည့် ဗဟုသုတများ၊ ကော်ဖီထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကော်ဖီပင်များအား ထိန်းသိမ်းပုံအပါ အဝင် ပြင်ဦးလွင်ကော်ဖီ ဥယျာဉ်အတွင်းရှိသည့် လေ့လာစရာအကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့တွင်ပါဝင်သော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက မိမိတို့သိလိုသော အကြောင်းအရာများကို ပြန်လည်မေးမြန်းရာ ခြံတာဝန်ခံဦးစီးအရာရှိ ဦးမင်းလွင်ဦးက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြင်ဦးလွင်ကော်ဖီဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ပြင်ဦးလွင်ကော်ဖီဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး ကားလမ်းမကြီးဘေး၊ မန္တလေးမြို့မှ (၃၈) မိုင်အကွာတွင် တည်ရှိပြီး ဧရိယာ (၃၆၉.၅၆) ဧက ကျယ်ဝန်းသော ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အတွင်း (၈၃.၄၈) ဧကအား ပြင်ဦးလွင်ကော်ဖီဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ကာ ကော်ဖီနှင့်ပတ်သက်သော အသိပညာများ ပိုမိုလွယ်ကူစွာ ပြန့်ပွားစေရေးရည်ရွယ်၍ ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက် )