ပုသိမ်ကြီး ဇန်နဝါရီ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ရိတ်သိမ်းချိန် လွန်နည်းပညာသင်တန်းကျောင်းတွင် ကြက်သွန်နီသီးနှံ စိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ်တင်ပို့ရောင်းချသည်အထိ နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈) ခုမှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် ကြက်သွန်နီသီးနှံကို ပြည်တွင်း၌ အများအပြားစားသုံးရုံသာမက ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိသည့်အတွက် စိုက်ပျိုး ထုတ်လုပ်သူတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက် စေရန် အထောက်အကူရရှိသည့် သီးနှံဖြစ်ပါကြောင်း၊ ကြက်သွန်နီသီးနှံ အထွက်နှုန်းတိုးတက်ရေး လေလွင့် ဆုံးရှုံးမှုများကို လျော့ချရန်လိုအပ်ပါကြောင်း၊ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းခူးဆွတ်တင်ပို့ရောင်းချသည့် လုပ်ငန်စဉ်တစ်ခုလုံး Supply Chain တစ်ခုလုံးတွင် လိုက်နာရန် မဖြစ်မနေ လိုအပ်သည့်အတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချ ပေးလိုက်သည့် စာတွေ့နည်းပညာများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကြက်သွန်နီစိုက်ပျိုး ထုတ်လုပ်သူတောင်သူများကို ထပ်ဆင့် ပြန်လည်ဖြန့် ဝေပေးခြင်း ဖြင့်အရည်အသွေးကောင်းပြီး စံချိန်စံညွှန်းမီသည့် ကြက်သွန်နီ သီးနှံများကို ထုတ်လုပ် လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ရိတ်သိမ်းချိန်လွန်နည်းပညာပေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မျိုးမိခိုင်က သင်တန်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကြက်သွန်နီသီးနှံစိုက်ပျိုးထုတ်လုပ်သူ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ကြက်သွန်နီ စိုက်ပျိုးထုတ် လုပ်သူတောင်သူများနှင့် ကြက်သွန်နီဝယ်ယူ၊ သိုလှောင်၊ ရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်တစ်ဦးတို့က လက်တွေ့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ကြုံတွေ့နေရသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများ၏ တင်ပြချက်များအပေါ် ဆွေးနွေးပြောကြား ပြီးနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းမှ ထုတ်လုပ်ထားသည့် တန်ဖိုးမြင့်ထုတ်ကုန်များ နှင့် ထုပ်ပိုးထား မှုများ၊ ဓာတ်ခွဲခန်းများ၊ ပါကင်ထုပ်ပိုးခန်း နှင့် သင်တန်းခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲ ၏ ထုံးဘိုပိုးစာခြံသို့ရောက်ရှိပြီး ခြံတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး စိုက်ဧက (၁၀)ဧကတွင် နေကြာမျိုးသန့်၊ မျိုးစေ့ထုတ်စိုက်ခင်းရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးရှင်သန်နေမှုများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၏ ပျားဖြင့် ဝတ်မှုန်ကူး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)