တိုက်ကြီး ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ ကွင်းအမှတ် (၇၃၀)ဦးပိုင် အမှတ် ၇၀ တောင်သူဦးမြင့်စိုး၏ လယ်မြေဧရိယာ ၅ ဧက တွင် အတန်းလိုက်တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (စီဒါ) ဖြင့် နွေစပါးစိုက်ပျိုးခြင်း နည်းပညာပေး ကွင်းသရုပ်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါ သရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းက အတန်းလိုက်မျိုးစေ့ချကိရိယာ(စီဒါ)နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးစိုးနိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိဦးဝင်းငွေတို့က အတန်းလိုက်မျိုးစေ့ချကိရိယာ (စီဒါ)ဖြင့် ဗီယမ်နမ် ရက်(၁၀၀) နွေစပါးမျိုး စိုက်ပျိုးမှုအား နည်းပညာပေးလက်တွေ့သရုပ်ပြ ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)