ကျောက်တလုံးကြီးမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကျင်းပ

 

ကျောက်တလုံးကြီး ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျောက်တလုံးကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ကြမည့်  အားကစားသမားများက အသင်းလိုက်ကွင်းအတွင်းသို့ ချီတက်နေရာယူ၍ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံအား အလေးပြုကြပြီး ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌ ဦးခွန်ပီတာထွန်းနိုင်နှင့် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှ ဦးခွန်နေမျိုးတို့က အမှာစကား​ပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 ထို့နောက် တောင်ကြီးမြို့နယ် အားကာမှူး ဦးဆူးညီညီသိန်းဝင်းက အားကစားအထောက်အကူပြု ပစ္စည်းများကို မြို့အုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ပြိုင်ပွဲအဖွင့်ပွဲစဥ်အဖြစ် ဒုံအုံးရပ်ကွက်အသင်းနှင့် နောင်ခဲကျေးရွာအသင်းတို့ စတင်ယှဥ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲဝင်အသင်း (၄၈) သင်း ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း၊ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း