ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာရွှေဥဒေါင်း ရေးသားသည့် “အကြံဉာဏ်ဖြင့်ကြီးပွားရေး” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများ အသိပညာဗဟုသုတများဖလှယ်နိုင်စေရန်၊ မိတ်ဆွေအပေါင်းအသင်းတိုးပွားပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ဝိုင်းဆွေးဆွေးပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော်(ကျောက်ဆည်)က သင်မည်သည့်အရာကိုအလိုရှိသနည်း၊ ငွေကိုအလိုရှိတာလား၊ ထင်ပေါ်ကျော်ဇောခြင်းလား၊ ရောင့်ရဲကျေနပ်ခြင်းကိုလား၊ ချမ်းသာသုခကိုလား စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်စန်းစန်းဝင်းက အောင်မြင်ခြင်း၏ အခြေခံဖြစ်သောတရား၊ ပညာရပ်တစ်ခုကောင်းတတ်မြောက်ခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါစာအုပ်သည် များစွာသောခေါင်းဆောင်တို့သည် နောက်လိုက်အဖြစ်နှင့်အစပြုကြကြောင်း၊ နောက်လိုက်ကောင်းတစ်ယောက်မဖြစ်ဘဲ ထူးကဲသော ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်သူ အလွန်နည်းပါကြောင်း၊ ဉာဏ်ရှိသောနောက်လိုက် တစ်ယောက်သည် ခေါင်းဆောင်ထံမှ ဗဟုသုတပညာရရှိရန်ရှိသောကြောင် အခွင့်ကောင်းတစ်ခုကို မှတ်သားကြောင်းစသည့် အသိပညာဗဟုသုတများစွာရရှိသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး