ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရ မြစ်ကြီးနားဇုံတက္ကသိုလ် ကျောင်းသား/ကျောင်းသူ အားကစားမောင်မယ်များအား ဂုဏ်ပြု၊ (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၃

ပညာရေးဝန်ကြီးဌာနက နေပြည်တော် ဝဏ္ဍသိဒ္ဓိအားကစားကွင်းတွင် ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် မြစ်ကြီးနားဇုံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်းဆုနှင့် ဆုတံဆပ်များ ရရှိခဲ့သည့် ပြည်နယ်ကိုယ်စားပြု အောင်ပွဲရ အားကစားသမားမောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံ အားကစားခန်းမ၌  တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၆)သိန်းကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အမျိုးသမီး ဘောလီဘောပြိုင်ပွဲတွင် ပထမဒိုင်းဆုရအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရအသင်းအား လည်းကောင်း၊ ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြေးခုန်ပစ် (မီတာ ၂၀၀) ပြိုင်ပွဲတွင် တတိယဆုရသူများ၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆုရကစားသမား၊ ရှေ့တန်းအကောင်းဆုံးဆုရ ကစားသမားနှင့် အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် အကောင်းဆုံး ပိတ်ဆို့ဆုရကစားသမား၊ အကောင်းဆုံးရိုက်ခုတ်ဆုရ ကစားသမား၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ ပြေးခုန်ပစ် (မီတာ ၁၅၀၀) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြရာ အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီတာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုနေ့၏ အနှစ်သာရနှင့် အညီ စည်းလုံးစွာ သိုက်သိုက်ဝန်းဝန်း အရောင်အသွေးစုံလင်စွာဖြင့် ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ မနောအကကို ထည့်သွင်း ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများက ပြည်ထောင်စုနေ့ ကျင်းပပြုလုပ်သွားမည့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်း ပြင်တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် ကိစ္စရပ်များ၊ စာစီစာကုံးပြိုင်ပွဲ၊ အားကစား ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးနှင့် ဘဏ္ဍာငွေလျာထားသုံးစွဲသွားမည့် ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် တာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)