မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြင်ဦးလွင်မြို့နယ် မဲဆန္ဒရှင်ပြည်သူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ပြင်ဦးလွင် ဇန်နဝါရီ  ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ပြင်ဦးလွင်မြို့နယ် မဲဆန္ဒရှင်ပြည်သူ များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine -MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားပြီး၊ ပြင်ဦးလွင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးဇော်ဝင်းထိုက်က မြန်မာအီလက် ထရောနစ် မဲပေးစက်အသုံးပြု၍ စမ်းသပ်မဲပေးခြင်းနှင့် စပ်လျဉ်း၍ အားသာချက်များ၊ မဲပေးချက်ဖော်ပြသည့်စက်၊ ဆန္ဒပြုစက်၊ ထိန်းချုပ်စက် အစိတ် အပိုင်းများ၏ လုပ်ဆောင်ချက်များ၊ မဲပေးစက်အသုံးပြု၍ မဲပေးခြင်းပုံစံများ၊ မဲရုံအတွင်း မဲပေးစက်နေရာချထားခြင်းများ၊ မဲပေးစက်မှမဲရလဒ်များထုတ်ယူရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများအား PowerPoint ဖြင့် ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများနှင့် မဲဆန္ဒရှင်ပြည်သူများက မဲရုံအဖွဲ့ဝင်တာဝန်ယူကိုင်တွယ် ဆောင်ရွက်ရသည့် ထိန်းချုပ်စက်အား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ထိန်းချုပ်စက်မှ မဲရလဒ်စာရင်းများ ဖော်ပြသည့် စက္ကူဖြတ်ပိုင်းနှင့် မဲပေးချက်ဖော်ပြသည့် စက်တွင် ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများ အရေအတွက် တူညီမှုရှိကြောင်းနှင့် မှန်ကန်မှုရှိကြောင်း တိုက်ဆိုင်စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ကြသည်။ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ မှ ၂၄ရက်နေ့အထိ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်/ပြန်ဆက်)