မြစ်ကြီးနား ဇန်နဝါရီ ၂၃
နိုင်ငံတော်အနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ဌာနဆိုင်ရာနယ်ပယ်အသီးသီးမှ အနားယူသွားခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားကြီးများအား ငွေကြေးကုန်ကျစိုက်ထုတ်ရမှု လျော့နည်းစေ၍ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေပြီး ကျန်းမာ ပျော်ရွှင်စွာနေ ထိုင်နိုင်ရေးအတွက် စီစဉ်ပေးလျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ယမန်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ အငြိမ်းစားလစာထုတ်ယူခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြစ်ကြီးနားမြို့ ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားလစာထုတ်ယူပြီးချိန်တွင် တစ်ပါတည်း ကျန်းမာရေးစစ်ဆေးကုသမှုများ တစ်နေရာထဲတွင် စုဖွဲ့ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ တင့်နိုင်နှင့် ဆေးရုံအုပ်ကြီး၊ ကုသရေးဦးစီးဌာနမှ သမားတော်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမများက အငြိမ်စားလစာ ရရှိပြီး အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအတွက် အပူချိန်တိုင်းခြင်း၊ သွေးပေါင် ချိန်ပေးခြင်း၊ အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်းစစ်ဆေးခြင်း၊ ဆေးဝါးထုတ်ပေးခြင်း စသည့် တို့အပြင် အသက်(၆၀)နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ်(၁၉) ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Comirnaty) ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် မြန်မာ့စီးပွားရေးဘဏ် (မြစ်ကြီးနားဘဏ်ခွဲ) ပြည်နယ်မန်နေဂျာနှင့် အရာထမ်း/ အမှုထမ်းများက လုပ်ထုံးလုပ်နည်းနှင့် ပင်စင်အမျိုးအစားအလိုက် ပင်စင်လစာများ ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ထို့အပြင် အဆိုပါ လုပ်ငန်းစဉ်များ အဆင်ပြေစေရေးအတွက် အငြိမ်းစားဝန်ထမ်းကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက လိုက်ပါကူညီဆောင်ရွက်ပေးခြင်း၊ အာဟာရဒါနအဖြစ် ကွေကာအုပ်နှင့် မုန့်များလှူဒါန်း ကျွေးမွေးခြင်းများအပြင် အငြိမ်းစားဝန်ထမ်းများအတွက် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးနှင့် ဆန်၊ ဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး သက်သာဈေး ဖွင့်လှစ်ရောင်းချပေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးမှု အစီအစဉ်တွင် ကချင်ပြည်နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းလစာထုတ်ယူနေသော ဝန်ထမ်း ပေါင်း (၁၉၀၀၀)ကျော်ရှိပြီး သက်ဆိုင်ရာခရိုင်များအလိုက် မြို့နယ်များတွင် အငြိမ်းစားပင်စင်လစာထုတ်ယူချိန်တွင် တစ်ပါတည်း ဆောင်ရွက် နိုင်ရေး စီစဉ်ထားကြောင်းနှင့် မြစ်ကြီးနားမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၆၃၀၀) ရှိပြီး ဇန်နဝါရီ ၂၄ ရက်နေ့ အထိ ပင်စင်လစာထုတ် ပေးခြင်းနှင့်အတူ ကျန်းမာစောင့်ရှောက်မှုလုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်