ရှမ်းပြည်နယ်အစိုးရအဖွဲ့က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဟိုပုံး ဇန်နဝါရီ ၂၃

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီ(၂၀)ရက်ည PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ လိုက်ပါစီနင်းလာသော Canter ယာဥ်နှစ်စီး၊ Honda Fit ယာဥ်တစ်စီး၊ ဖိုးဝှီးယာဥ်နှစ်စီး စုစုပေါင်းယာဥ်(၅)စီးပါ ယာဥ်တန်းအား တွေ့ရှိသဖြင့် လိုအပ်သည်များ စစ်ဆေးမှုပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးမှ သေနတ်ထောင်ဖောက်မှုဖြစ်ခဲ့သည့်အတွက် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း၊ PNLO ယူနီဖောင်းဝတ်ဆင်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေစဥ် ၎င်းတို့ယာဥ်တန်းမှ ယာဥ်များအား မီးရှို့ပြီး ထွက်ပြေးခဲ့သဖြင့် ယာဥ်ပေါ်ရှိ ခဲယမ်းဟုယူဆရသော ပစ္စည်းများပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့၍ လူနေအိမ်(၂၈)လုံး မီးဘေးသင့်ခဲ့​​ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီ(၂၀)ရက်ညက မီးလောင်မှုဖြစ်ပွားခဲ့၍ လူနေအိမ်(၂၈)လုံး မီးဘေးသင့်ခဲ့ရာ အဆိုပါနေရာသို့ ဇန်နဝါရီ(၂၂)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်သွားသောနေအိမ်များ လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က မီးဘေးသင့်ပြည်သူများအား စောင်၊ အိမ်ယာခင်း၊ ခေါင်အုံး၊ အနွေးထည်၊ Smart အင်္ကျီ၊ ငွေသား၊ သွပ်၊ သံ၊ ပစ္စည်း(၂၂)မျိုးပါ ပုံး၊ စောင်၊ မိုးကာတဲ၊ မီးဖိုချောင်သုံးပစ္စည်းပုံး၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ ခြင်ထောင်တို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတို့က ငွေသားနှင့်ပစ္စည်းများကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူးတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ မီးဘေးသင့်ပြည်သူများမှ အသီးသီးလက်ခံရယူပြီး PNO အထူးဒေသ(၆)အဖွဲ့ တာဝန်ရှိသူများမှ ငွေသားထောက်ပံ့ပေးအပ်ရာ စံဖူးကျေးရွာ တာဝန်သူများမှ လက်ခံရယူကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးလောင်ရာတွင် တာဝန်ထမ်းဆောင်ပေးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် PNO တပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဖာလွိုင်ဘုန်းတော်ကြီးကျောင်းသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များမှ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဥူးပဏ္ဌဝနှင့် ဆရာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဖာလွိုင်ဘုန်းတော်ကြီးကျောင်းတွင် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးဘေးသင့်ပြည်များကို အားပေးစကားပြောကြား၍ လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားစရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)