ကလော ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကော်မတီဉက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွှဲ ၁ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တတိယဆုအတွက် နန်းတိုင်း FC အသင်းနှင့်မြင်းက FC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြင်းက FC အသင်းက နန်းတိုင်း FC အသင်းကို ၃ဂိုး-၂ဂိုးဖြင့် တတိယဆုကိုရရှိခဲ့ပြီး ဗိုလ်လုပွဲအဖြစ် နန်းအွန် FC အသင်း နှင့်ကျောက်တန်း FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အပြီးတွင် တစ်ဖက် ၁ ဂိုးစီသွင်းထားသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် တစ်ဖက်ကို ၅ လုံးစီကန်သွင်းခဲ့ပြီး နန်းအွန်FC အသင်းက ၅ ဂိုး၊ ကျောက်တန်း FC အသင်းက ၄ ဂိုးဖြင့် နန်းအွန်FCအသင်းက ပထမဆု ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစိုးမြင့်က ပထမဆုရရှိသည့် နန်းအွန် FC အသင်းကို ဒိုင်းဆု၊ ငွေသားဆုနှင့်တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းက ဒုတိယဆုရရှိသည့် ကျောက်တန်း FC အသင်းကို ဒိုင်းဆု၊ ငွေသားဆုနှင့်တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးမင်းက တတိယဆုရရှိသည့် မြင်းကFCအသင်းကို ငွေသားဆုနှင့်တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးကစားသမားဆုများ၊ အရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်း၊ အကောင်းဆုံးဂိုးသမားဆုနှင့် ဂိုးအများဆုံးသွင်းနိုင်ဆုတို့ကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင် (၂၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)