မိုင်းပျဉ်း ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်ကျေးရွာ အ.မ.ကကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် ဟောင်ကန်ရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးကျော်တို့က အမှာစကားများအသီးသီးပြောကြားကြသည်။ ထို့နောက် ဟောင်ကန်ကျေးရွာအုပ်စု ဝမ်မတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ခမ်းက ပညာရေးစုံညီပွဲကျင်းပပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဝမ်မတ်ကျေးရွာ၊ အ.မ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းလှိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုများကို ရှင်းလင်းတင်ပြပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ပညာရည်ချွန်ဆုပေးပွဲအအခမ်းအနားအပြီးတွင် အ.မ.က-ဝမ်မတ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လက်ထောက်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး