မိုင်းယောင်းမြို့၌ ညောင်ထောက်လှူဒါန်းမှုအား ရေစက်ချမင်္ဂလာနှင့် သရဏဂုံတည်ခြင်း ဆောင်ရွက်

မိုင်းယောင်း  ဇန်နဝါရီ  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တန်ခိုးကြီးပြီး ထင်ရှားကျော်ကြားသော သက်တော် ၁၀၀၉ နှစ်ရှိ ရွှေညောင်ပင်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် ဇနီး ဒေါ်နန်းအေးငွေ မိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း (၃၀)ဖြင့် တည်ထားသော အလျား(၁)ပေခွဲ၊ အနံ(၁)ပေခွဲ၊ အမြင့်(၁၁)ပေရှိ ညောင်ထောက်(ကွန်ကရစ်)ပြီးစီးမှုအား ရေစက်ချမင်္ဂလာနှင့် သရဏဂုံတည်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေညောင်ပင်ဆရာတော်ထံမှ တရားတော်ကိုနာယူပြီး သရဏဂုံတည်ခြင်းကို ဆောင်ရွက်ခဲ့ကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များက ရွှေညောင်ပင်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ညောင်ထောက်(ကွန်ကရစ်)အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေတို့သည် ဟိုခုံဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောက၏ သိက္ခာထပ်မင်္ဂလာအဖြစ် ဒါယကာ/ဒါယိကာမများမှ ဂုဏ်ပြုပူဇော်ပွဲ(ပထမနေ့) မင်္ဂလာအခမ်းအနားပွဲအား တက်ရောက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဇနီး ဒေါ်အေးအေးနွယ်တို့က တိုင်းလိရိုးရာအကအဖွဲ့ (၁၄)ဖွဲ့အတွက် ကျပ် ၁၄၀၀၀၀ ကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီး ဒေါ်မျိုးအေးချိုတို့က ကျပ် ၁၄၀၀၀၀ ကိုလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း