သထုံမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

သထုံ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသူ‌၊ ကျောင်းသားများက မြန်မာ့ကျောင်းသီချင်း၊ ပညာရေးစုံညီသီချင်းတို့ဖြင့် စုပေါင်းသီဆိုဖျော်ဖြေကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ သထုံမြို့နယ် တွဲဘက်ပညာရေးမှူး ဒေါ်သန်းဆင့်က ပညာရေးစုံညီပွဲတော်ကျင်းပပေးရသည့် ရည်ရွယ်ချက်နှင့် သထုံမြို့နယ်အတွင်း ပညာရေးကဏ္ဍဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်တွဲဘက်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က လူရည်ချွန်ဘက်စုံထူးချွန်ဆု၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆု စသည့်ကဏ္ဍအလိုက် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်တွဲဘက်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)