မိုင်းယောင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြော

မိုင်းယောင်း ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းအုပ်စု၊ ဝမ်ယဲန်းကျေးရွာတွင် ယမန်နေ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးပိုင် ဦးဆောင်သော ဒေသအတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့က ကမ္ဘာတစ်ဝန်း သစ်တောများပြုန်းတီးလာသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်များပြားလာခြင်းအကြောင်းရင်းများ၊ မြေကမ္ဘာကို ဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေး၊ ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်သည့် ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည်မှာ သစ်တောများပင်ဖြစ်ကြောင်း၊ အယ်နီညိုရာသီဥတု ဖြစ်ပေါ်ပါက မြန်မာနိုင်ငံတွင်လည်း အပူချိန်မြင့်တက်မှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုပြဿနာကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့များ ထွက်ပေါ်စေသည့် အမှိုက်နှင့် လယ်ယာမြေမီးရှို့မှု၊ တောမီးရှို့မှုများ ရှောင်ကြဉ်ကြခြင်း၊ ငါးရှော့တိုက်ခြင်းများ ရှောင်ကြဉ်ကြခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းများကို ဟောပြောခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း