လဲချား ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများ (Youth Club) အသင်းမှ မောင်အောင်စစ်ပိုင်က "ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာ" ခေါင်းစဉ်အားလည်းကောင်း၊ မောင်အောင်မြင့်မြတ်က "ပညာရေးအစ စာအုပ်များဖြင့်အစပြုပါ"ခေါင်းစဉ်အားလည်းကောင်း၊ မအေးချမ်းခိုင်က "ရေထု၊ လေထု၊ လူထု" ခေါင်းစဉ်အားလည်းကောင်း၊ စသည့်ခေါင်းစဉ်ပါကြောင်းအရာများကို အသီးသီးဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်၊ ပြန်/ဆက်)