မိုင်းဆတ်မြို့နယ် အ.ထ.ကခွဲ၊ လ(၁)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အ.ထ.က-ခွဲ၊ လ(၁)ကျောင်းရှိပညာ့အားမာန် ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဆက်လက်အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို အကျယ်တဝင့် အသိပညာပေးဟောပြောကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိအောင်က မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့တွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောချက်များကို မိမိတို့မှတ်မိသ၍ ပြန်လည်ဖြေကြားဆွေးနွေးနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတို့က ဗလာစာအုပ်များချီးမြှင့်ပေးအပ်ကာ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကာ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)