တပ်ကုန်း ဇန်နဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၆ နာရီက စတင်၍ ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသတိပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိနေပြီ ဖြစ်သည့်အလျှောက် အိမ်တိုင်းတွင် တောင့်တင်းခိုင်မာသည့် မီးချိတ်၊ မီးကပ်၊ လှေကားနှင့် သဲပုံး၊ ရေပုံးများထားရှိရန်၊ အိမ်ခြံဝန်းအတွင်း အမှိုက်များမီးရှို့ခြင်း၊ ကောက်ရိုးနှင့် လောင်စာများ စုပုံသိုလှောင်ခြင်းမပြုရန်၊ နေအိမ်အဆောက်အဦများပေါ်တွင် ချက်ပြုတ်ခြင်းမပြုရန်၊ မီးဖိုကျင်းများတူး၍ ချက်ပြုတ်သုံးစွဲရန်၊ မီးဖိုးအနီးလူစောင့်ထားရှိရန်၊ အသက်ကြီးရွယ်အို၊ ကလေးသူငယ်များ ချက်ပြုတ်ခိုင်းခြင်းမပြုရန်၊ မီးဖိုဖြင့် ချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန် စနစ်တကျငြှိမ်းသတ်ရန်၊ ဖယောင်းတိုင်မီးကို အောက်ခံမပါဘဲ ထွန်းညှိခြင်း၊ ဘုရားမီးပူဇော်ခြင်းမပြုရန်၊ ခြင်ဆေးခွေများ အောက်ခံခွက်မပါဘဲ ထွန်းညှိခြင်းမပြုလုပ်ရန်၊ ခြင်ထောင်၊ ခေါင်းအုံး၊ စောင်များထွန်းညှိထားခြင်းမပြုလုပ်ရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုး၊ မီးခုံ၊ မီးခလုတ်များအသုံးမပြုရန်၊ လေပြင်းများ တိုက်ခိုက်လာပါက မိမိအိမ်တွင်သုံးစွဲလျက်ရှိသော မီးဖိုမီး၊ လျှပ်စစ်မီးများ အမြန်ဆုံးပိတ်ငြှိမ်းထားရန်၊ လမ်းသွား၊ ယာဉ်စီးနင်းလိုက်ပါခြင်းဖြစ်စေ၊ ဆီဆိုင်တွင် ဆီဖြည့်နေစဉ်ဖြစ်စေ ဆေးလိပ်သောက်ခြင်းမပြုရန်၊ ရပ်ကွက်၊ ကျေးရွာများတွင် မီးလောင်လွယ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီများ သိုလှောင်ရောင်းချခြင်း မပြုလုပ်ရန်၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိရန်၊ နေအိမ်မှအပြင်သို့ ထွက်ခွာမည်ဆိုပါက လျှပ်စစ်မီးခလုတ်၊ မိန်းခလုတ်ပိတ်ထားရန်၊ နေအိမ်တွင်မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါကကြိတ်၍ ငြှိမ်းသတ်ခြင်းမပြုဘဲ ပတ်ဝန်းကျင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ၀၆၇-၈၀၇၀၂၈၉ နှင့် ၁၉၁ ကို အမြန်ဆုံးဆက်သွယ်ရန်၊ မီးသတ်ကားများ အရေးပေါ်ထွက်ခွာလာပါက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်များ လမ်းဘေးရှောင်တိမ်းပေးရန် စသည့်သတိပေးနှိုးဆော်ခြင်းများကို ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လိုက်လံသတိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်