စစ်တွေ ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြု ပြင်ပြီးစီးနေမှုနှင့်ဆက်လက်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာ ရေးဝန်ထမ်းများ အား ဂုဏ်ပြုပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရှုခင်းသာလမ်း စာတိုက်လမ်းဆုံမှ စစ်တွေ ဟိုတယ်လမ်းဆုံအတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော လမ်းပိုင်းများကို ယာယီပြုပြင်ခြင်း၊ မူလအတိုင်းပြုပြင်ခြင်းနှင့် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြစဉ် စစ်တွေဟိုတယ်အနီးရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးခင်မောင်မြင့်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိနေသည့်အပိုင်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေဟိုတယ်ဆင်းလမ်းတို့ချဲ့ ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွိုင့်မှ စစ်တွေဟိုတယ်လမ်းဆုံအတွင်း ရေတားနံရံတည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်းတိုးချဲ့တည်ဆောက်ခြင်း၊ ပျက်စီးသွားသောကွန်ကရစ်လမ်းအား ပြန်လည်ခင်းပေးခြင်းနှင့် ပလက်ဖောင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှုခင်းသာ လမ်း စာတိုက်လမ်းဆုံမှ ပွိုင့်အတွင်း ပျက်စီးသွားသော လမ်းများအား ပြန်လည်ပြုပြင်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ရခိုင် ပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍတွင်ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲသို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)