မိုးညှင်းမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၈၉၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေး

မိုးညှင်း ဇန်နဝါရီ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက် (၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှဦးဆောင်ပြီး သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ခရိုင်ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောင်ရေးအသင်းဝင်များပူးပေါင်း၍ ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နို့ကွေကာနှင့် ပေါင်မုန့်ဖြင့် အာဟာရကျွေးမွေးဧည့်ခံခြင်းများဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ ဆီးချိုရောဂါရှိ၊ မရှိ တိုင်းတာပေးခြင်းနှင့် လိုအပ်သောသူများအား သွေးတိုးကျဆေးနှင့် ဆီးချိုကျဆေးများ၊ အားဆေးများပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ စုစုပေါင်း(၁၈၉၂)ဦးရှိပြီး အဆိုပါ ပင်စင်လစာများကို လစဉ်တတိယပတ်မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း