သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

သံဖြူဇရပ် ဇန်နဝါရီ ၂၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လိုအပ်သည့် အထောက်အထားများ​ဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့်ထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကိုလည်း ဆောင်ရွက်ပေးသည်။

ထို့ပြင်ပင်စင်စားများအားပင်စင်လစာ ထုတ်ပေးခြင်းနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီကုန်သည်များအသင်းမှ စားအုန်းဆီများ ရောင်းချပေးပြီး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှလည်း အငြိမ်းစားနိုင်ငံဝန်ထမ်းများအား လစဥ်ပင်စင်လစာ စတင်ထုတ်ပေးသည့်နေ့မှ (၃)ရက်တိုင်တိုင် ကျန်မာရေးဝန်ထမ်းများမှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သံဖြူဇရပ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း ဦးရေ ၁၆၀၀ ခန့်ရှိပြီး တစ်နေ့လျှင် ၃၀၀ ဦးခန့် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)