မိုးကောင်းမြို့၌ ပင်စင်လစာလာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများ အား ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုပေးခြင်းဆောင်ရွက်

မိုးကောင်း      ဇန်နဝါရီ        ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ပင်စင်လစာလာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရ ကျွေးမွေးခြင်းများကို ဇန်နဝါရီ(၂၂)ရက် နံနက်(၇)နာရီတွင်ဆောင်ရွက်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဝန်ဆောင်မှုကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်း ဦးဆောင်ကာ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပင်စင်လာရောက်ထုတ်ယူသော အဘိုးအဘွားများအား သွေးတိုး၊ ဆီးချိုရှိမရှိ တိုင်းတာပေးကာ လိုအပ်သောသူများအား သွေးတိုးကျဆေးနှင့် ဆီးချိုကျဆေးများ၊ အားဆေးများ ပေးဝေခြင်းဆောင်ရွက်ပြီး တစ်ဦးလျှင်နွားနို့တစ်ခွက်နှင့် ပေါက်စီတစ်လုံးအား ကျွေးမွေးဧည့်ခံ ပေးခြင်းဖြစ်သည်။

အဆိုပါ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို ဇန်နဝါရီ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)