ကျိုက်ထို ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်ခံစားခွင့် လာရောက်ထုတ်ယူရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊ ဆီးချို စသည့်အခြေခံကျန်းမာရေးရောဂါဆိုင်ရာ များကိုစစ်ဆေးပေးပြီး၊ ဆေးကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကိုစစ်ဆေး၍ ကျန်းမာရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ပင်စင်ထုတ်ယူသူ (၂၆၂၄) ဦးအား ငွေပမာဏ (၂၆၆၃) သိန်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ လစဥ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)