မိုင်းကိုင် ဇန်နဝါရီ ၂၂
တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းတွင် စိတ်ဝင်စားမှုရှိစေရေးနှင့် စိုက်ပျိုးပင်မျိုးကောင်းမျိုးသန့် အထွက်နှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သစ်သီးဝလံပြပွဲ/ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ပြိုင်ပွဲကျင်းပမည့် အစီအစဉ်များကို ချပြဆွေးနွေးပြီး တက်ရောက်လာကြသူများက လိုအပ်သည်များကို ဆွေးနွေးခဲ့ကြကာ ပြိုင်ပွဲတွင် ဖရုံသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘူးသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ သစ်ဥသစ်ဖုစုစုပေါင်း(၁၁)မျိုးဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများဖြင့် ယှဉ်ပြိုင်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းအေးအေးသိန်း