ဝမ်းတွင်းမြို့နယ်၌ “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” အသိပညာပေး ဟောပြောပွဲကျင်းပ

ဝမ်းတွင်း  ဇန်နဝါရီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလွန်ကျောင်း အမှတ်-၄တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် ဓာတုဗေဒဆိုင်ရာ နည်းပညာဖြင့် ဖန်တီးထုတ်လုပ်သော ပလတ်စတစ်သည် လူနေမှုဘဝကို အဘက်ဘက်မှ အကျိုးပြုခဲ့သော်လည်း လူတို့နေထိုင်သော ကမ္ဘာ၏ မြေထု၊ ရေထုပတ်ဝန်းကျင်ကို အလွန်အမင်း ထိခိုက်စေကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ မြေကြီးနှင့်ရောနှောကာ မြေဩဇာဖြစ်သွားခြင်းမရှိ၊ ဆွေးမြည့် ကွယ်ပျောက်ခြင်းလည်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းဖြစ်ကြောင်း၊ ထိုမျှသာမက ယင်းပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှ ဓာတ်များနှင့် ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာကြောင်း၊ ထိုအခါ ရေထဲရှိ ရေနေသတ္တဝါများသေဆုံးကာ ဂေဟစနစ် ပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ် အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့် မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည် လေ့လာတွေ့ရှိရကြောင်း စသည့် ပလပ်စတစ်အန္တရာယ် အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက် ရောက်ခဲ့ကြသည်။

ကိုရဲ(ဝမ်းတွင်း)