အမရပူရ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပုရခရိုင်၊ အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အမရပူရမြို့နယ် မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် လက်တွေ့ စမ်းသပ်မဲ ပေးလေ့လာခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဝင်းကိုနှင့် အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးဖြိုးအောင်ထွန်းတို့က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်မျိုးဆန်းမှ မြန်မာအီလက်ထရောနစ်စနစ်(MEVM)ဖြင့် မဲပေးပုံအဆင့်ဆင့်အား power point ဖြင့် ရှင်းလင်းပြသခဲ့ကာ တက်ရောက်လာသည့် မဲဆန္ဒရှင်များအား အီလက်ထရောနစ်မဲပေးစနစ် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့စမ်းသပ်သရုပ်ပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်၁ဒုတိယဗိုလ်မှူးကြီး ဝင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးဖြိုးအောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ အမရပူရမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင်အရာရှိဒေါ်နန်းအေးအေးစိုး မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများ၊ မဲပေးစနစ် လေ့လာသူများ၊ ဖိတ်ကြားထားသော ပါတီကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများစုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ MEVM စနစ်ဖြင့်မဲပေးခြင်း သိကောင်းစရာများကိုမဲဆန္ဒရှင်များအား မနက်တစ်ကြိမ်၊ နေ့ခင်းတစ်ကြိမ်နှုန်းဖြင့် နှစ်ရက်ဆက်တိုက်သရုပ်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
စိုးသီဟ(အမရ)