တပ်ကုန်း ဇန်နဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။
အခမ်းအနားကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်အောင်ဌေး၊ သပြေချောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်တို့က အဖွင့်အမှာစကားပြောကြားပြီးနောက် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးသစ်နိုင်စိုးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအဆင့် “A” ရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအဆင့် ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကာယဆုရရှိသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၁၄ ဦးအား ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများနှင့် ခြင်းအလှခတ်ဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ရာ အကပဒေသာအဖွဲ့များနှင့် ခြင်းအလှခတ်မယ်ကို ဖိတ်ကြားထားသည့် ဧည်သည်များနှင့် ကျောင်းသားမိဘများက ဆုငွေများ ချီးမြှင့်ပေးအပ်၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တင့်တင့်ခိုင်