တပ်ကုန်း ဇန်နဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြော ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရွှေမြို့ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ မကြီး ဒေါ်ဝင်းဝင်းထွေးက အဖွင့်အမှာစကားပြောကြားပြီးနောက် အမှတ် (၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုအကြောင်း၊ ရွှေမြို့တိုက်နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်ခိုင်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေးအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က“လူငယ်နှင့်အနာဂတ်”ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊စာစောင်များအား ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်