ညောင်ဦး ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ သံဃာတော်အရှင်သူမြတ်များမှ ဘုရားကြီး တောင်ဘက်မုခ်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖြင့် စတင်ခဲ့ပြီဖြစ်ကြောင်း အာနန္ဒာဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံကသိရသည်။
အဆိုပါ ပုဂံ-ညောင်ဦးမြို့ရှိ အာနန္ဒာဘုရားကြီးသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားဖြစ်ပြီး နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းနှင့် ဆယ့်နှစ်ပွဲဈေးသည်များ စုံလင်စွာ လာရောက်ရောင်းချခြင်း၊ ဒေသခံဈေးသည်များမှ ဒေသထွက် ယွန်းထည်ပစ္စည်းများ ရောင်းချခြင်းနှင့် ဈေးရောင်းဈေးဝယ် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်ကာ တစ်လကျော်ကြာအောင် ကျင်းပသည့်ပွဲတော်ဖြစ်ကြောင်းလည်းသိရကာ ယခုနှစ်တွင် ရိုးရာပိုက်ကျော်ခြင်းပွဲများဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၆ ရက်နေ့ထိ သံဃာတော်အရှင်သူမြတ်များမှ အသံမစဲပဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆွမ်းခဲဖွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ပြည်သို (လပြည့်နေ့)နံနက်ပိုင်း တွင် သံဃာတော်အပါး ၃၀ဝ ကျော်တို့အား ဆွမ်း၊ ငွေသပိတ်လုံး၊ ငွေပဒေသာပင်များဖြင့် လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။
အာနန္ဒာဘုရားပွဲတော် ညောင်ဦးခရိုင်အတွင်း အစည်ကားဆုံး ဘုရားပွဲတော်ဖြစ်ကာ စိုက်ရေးပျိုးရေး ရောင်းရေးဝယ်တာကောင်းပြီး စိုက်ပျိုးသီးနှံရောင်းချပြီးချိန် ငွေပေါ်ချိန် အာနန္ဒာဘုရားပွဲနှင့်ကြုံချိန် ဖြစ်နေခြင်းက ညောင်ဦးနယ်တဝိုက်မှ တောင်သူများ၊ ဧရာဝတီမြစ်ကမ်းဘက်မှ ကျွန်းတောင်သူများတောင်သူ၊ လယ်ယာလုပ်ငန်းခွင်သုံး စက်ပစ္စည်းကိရိယာများ လာရောက် ဝယ်ယူကြခြင်းဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဆယ့်နှစ်ပွဲဈေးသည်များ လာရောက်ရောင်းချသည့် ပစ္စည်းစုံလင်လှသော ဘုရားပွဲဈေးဖြစ်ခဲ့ကြောင်းလည်းသိရကာ အာနန္ဒာဗုဒ္ဓ ပူဇနိယပွဲတော်အား ပြာသိုဘုရားပွဲဟုလည်းခေါ်ဆိုခဲ့ကြောင်း၊ ရှေးယခင်က ပေါင်းမိုးလှည်းများဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများလာ ရောက်ကြသည့်ပွဲတော်တစ်ခု လည်းဖြစ်ကြောင်း သိရသည်။
ဒီပါလင်း