သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး လိုက်လံအသိပေးနှိုးဆော်

သုံးခွ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီး ဦးပြည့်ဖြိုးဟန်ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်လမ်းများအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့်အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန် တို့ကို ရပ်ကွက်လမ်းများတစ်လျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပေး နှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူလင်း