မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာ စိုက်ဧက ၉၉၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မိတ္ထီလာ ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာစိုက်ဧက ၉၉၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံပြီး စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရေး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်  နေကြာသီးနှံကို မိုးဦးနှင့် မိုးနှောင်းရာသီ (ဆောင်းရာသီ)တို့တွင် စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ပျိုးနိုင်ရန် မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာ စိုက်ဧက ၁၈၆၅ ဧက၊ မလှိုင်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၅၄၂ ဧက၊ သာစည်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၅၂၃၉ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၂၀၇၄ ဧကတို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျာထားခဲ့ပြီး ဒေသခံတောင်သူများက အထွက်နှုန်းကောင်းသည့် ဆင်းရွှေကြာ-၂၊ ရေဆင်း(၁)တို့ကို  စိုက်ပျိုးလျက်ရှိသည်။

ယင်းသို့ ဆောင်းနေကြာစိုက်ပျိုးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၁၈၆၆ ဧက၊ မလှိုင်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၅၇၂ ဧက၊ သာစည်မြို့နယ်တွင် ဆောင်းနေကြာ စိုက်ဧက ၅၄၅၂ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၂၁၀၆ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ရာ မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ဧက ၉၉၉၆ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)