မိုင်းယုမြို့၌ တောင်သူများ မိသားစုအပိုဝင်ငွေရရှိနိုင်ရန် သဘာဝတံမြက်စည်းပင်များ စတင်ခုတ်ယူရောင်းချ

မိုင်းယု ဇန်နဝါရီ  ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မှီတင်းနေထိုင်ကြသော တောင်သူများသည် တောင်ပေါ်ဒေသအမြဲစိမ်းတောများတွင် အလေ့ကျပေါက်ပင်ဖြစ်ပြီး နေရာကွက်ကျား ပေါက်ရောက်လျက်ရှိသော  တံမြက်စည်းခိုင်များ မိသားစုတဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် စတင်ခုတ်ယူကာရောင်းချနေလျက်ရှိကြသည်။

တံမြက်စည်းပင်များသည် တောင်ပေါ်ဒေသအမြဲစိမ်းတောများတွင် နေရာကွက်ကျားအလေ့ကျ ပေါက်ရောက်တတ်ကာ ကြူပင်နှင့်အလားတူပြီး အရွက်ရှည်၍ မြစ်ပွားအပင်မျိုးဖြစ်ခြင်း၊ ၎င်းအပင်သည် ဆောင်းရာသီကိုပိုမိုနှစ်သက်၍ ထိုအချိန်၌သာ တံမြက်စည်းပင်ပွင့်ခိုင်များ ထွက်လေ့ရှိပြီး အမြင့်ငါးပေမှခြောက်ပေအထိရှိခြင်း၊  ယင်းပင်ပွင့်ခိုင်များအား မိုင်းယုကျေးလက်နေတောင်သူများက တောတောင်သို့ သွားရောက်ကာ ရှာဖွေခုတ်ယူခြင်းနှင့် တောင်ယာပြန်ချိန်၌သော်လည်းကောင်း တစ်ပိုင်တစ်နိုင် ခုတ်ယူသယ်ဆောင်လာလေ့ရှိခြင်း၊ တံမြက်စည်းပွင့်ခိုင်အစို တစ်ရက်လျှင်  ကီလိုလေးဆယ်မှ ငါးဆယ်အထိသာ ရှာဖွေခုတ်ယူရရှိကြောင်း၊ အရွက်ကို ဒေသခံတိုင်းရင်းသားများမှ ရိုးရာဓလေ့ကောက်ညှင်းထုပ်ပြုလုပ်ရာတွင် အောက်ခံဖက်အဖြစ် အသုံးပြုကြခြင်း၊ ခုတ်ယူရရှိသော တံမျက်စည်းပွင့်ခိုင်အစိုများအား ကွင်းပြင်တွင် ဆယ်ရက်ကျော်ခန့် နေလှမ်းကာ ရရှိလာသော အခြောက်အား ဆယ်ကီလိုတစ်စည်းစည်းကာ ဒေသအတွင်းကုန်သည်များထံသို့ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ တံမြက်စည်းပင်ပွင့်ခိုင်အစို တစ်ကီလိုလျှင် ယခုပေါက်ဈေးမှာ ငွေကျပ်ငါးရာဖြစ်ပြီး အခြောက်တစ်ကီလိုလျှင် ကျပ်(၁၅၀၀၀)ဖြစ်ကြောင်း၊ အချို့တောင်သူများမှာ ၎င်းပွင့်ခိုင်အခြာက်အား ခြွေကာ တံမြက်စည်းအချောပြုလုပ်၍ တံမြက်စည်းအချောတစ်ချောင်းလျှင် ကျပ်ငွေနှစ်ထောင်ဖြင့် ဒေသတွင် ပြန်လည်ပြုလုပ်ရောင်းချလျက်ကြောင်း ဒေသခံတံမြက်စည်းပြုလုပ်သူတစ်ဦးက ပြောသည်။

အဆိုပါ တံမြက်စည်းလုပ်ငန်းများအား မိုင်းဖြတ်-မိုင်းယောင်းသွား ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ မိုင်းယောင်းမြို့နယ်ရှိ ဟွေ့ထမ်းကျေးရွာနှင့် အချို့ကျေးရွာများ၊ မိုင်းယုမြို့တွင် ဝမ်တာကြန့်ကျေးရွာ၊ ကော်ဆမ်မိန်းနှင့် ဝမ်ပေါ့ကျေးရွာတို့တွင် အများဆုံးတွေ့ရှိရပြီး အရင်းနှီးစိုက်ထုတ်မှုမရှိပဲ တောတောင်များက သဘာဝအလျှောက်ပေးစွမ်းသည့် တံမြက်စည်းပင်များသည် ကျေးလက်တောင်သူမိသားစုများအတွက် တဖက်တလမ်းမှ အပိုဝင်ငွေရရှိစေသည့်အတွက် တံမြက်စည်းပင်များကို အချိန်မီရောင်းချနိုင်ရန် စတင်ခုတ်ယူနေကြကြောင်း သိရသည်။

ကိုကိုနိုင်