သထုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်းကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင်(နို့စားနွား)မွေးမြူရေး အစုအဖွဲ့တို့ပူးပေါင်းကာ နွားနို့တိုက်ကျွေးခြင်းတို့ကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးပေးခဲ့ကြသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်